Wednesday, December 12, 2007

လူမိုက်ကြီး ဆယ်ယောက်(ဆန်းထွန်း)

Wednesday, December 12, 2007


ရှေးအခါ ဘုရင်တစ်ပါးသည် လူမိုက်အကြောင်း စပ်စုလိုသဖြင့် သူ၏ပညာရှိအမတ်ကြီးအား လူမိုက်ဆယ်ယောက် တွေ့အောင်ရှာရမည်ဟု အမိန့်ပေးသည်။

၁။ အမတ်ကြီးကိုယ်တိုင် လူမိုက်အရှာထွက်သောအခါ ပထမဆုံးလူတစ်ယောက်ကိုတွေ့ရသည်။ ထိုသူသည် မြင်းကိုစီးလျက် ကောက်ရိုးထုံးကိုရွက်ထားသည်။ ထိုသူ့အကြောင်း မေးစမ်းသောအခါ သူ့မြင်းပိန်လွန်းသောကြောင့် မြင်းပေါ် ကောက်ရိုးထုံး မတင်ဘဲ သူ့ခေါင်းပေါ်မှာ ကောက်ရိုးတင်ရွက်ထားရကြောင်း ပြောပြသည်။ ထိုသူ လူမိုက်ဖြစ်သည်ဟု အမည်နေရပ် မှတ်ယူလိုက်သည်။

၂။ နောက် လူမိုက်ဆက်ရှာပြန်ရာ လူတစ်ယောက် အမတ်ကြီးအား တစ်ရှိန်ထိုးဝင်တိုက်သည်။ ထိုသူ့အကြောင်းမေးရာ သူ့အသံ ဘယ်လောက်ပြေးသလဲသိချင်၍ လိုက်ဖမ်းရာ ယခုကဲ့သို့ အမတ်ကြီးနှင့် တိုးမိနေသောကြောင့် အသံကို ဖမ်းမမိ လိုက်ကြောင်း၊ အကယ်၍သာ အမတ်ကြီးနှင့်သာ မတိုးမိပါက သူ့အသံ သူဖမ်းနိုင်ကြောင်း ပြောပြသည်။ ထိုသူလည်း လူမိုက်ဖြစ်သည်ဟု အမည် နေရပ် မှတ်ယူလိုက်သည်။

၃။ နောက်ဆက်ရှာပြန်ရာ`ကယ်တော်မူကြပါ´ဟူသော လူတစ်ယောက်အသံကြားရသည်။ အသံလာရာဆီသို့ ခပ်သွက်သွက် သွားသောအခါ လူတစ်ယောက် ရွှံ့ထဲမှာပက်လက်လန် လဲနေသည်ကို တွေ့ရသည်။ ထိုသူသည် ဦးခေါင်းအထက် လက် နှစ်ဘက်ကို သုံးပေလောက်ချဲ့၍ဆန့်တန်းထားသည်။`ထပါလား´ဆိုသောအခါ မထနိုင်ကြောင်းပြောသည်။ လက်ဆွဲထူမည် ပြောသောအခါ `လက်ကိုမထိပါနဲ့၊ ဆံပင်ကိုဆွဲထူပါ´ဟုတအားအော်သည်။ `လက်နာနေသလား´မေးရာ လက်မနာကြောင်း ပြောသည်။ `အနို့ … ဘာဖြစ်လို့ မကိုင်ရသလဲ´မေးသောအခါ ဇာတ်ကြောင်း ပြန်ပြောသည်။ သူ့အိမ်မှာ အ၀တ်အထည် ထည့်ဖို့သေတ္တာတစ်လုံး လက်သမားဆရာအား အစပ်ခိုင်းသည်။ လက်သမားဆရာက သေတ္တာ ဘယ်လောက်ကြီးကြီး စပ်ရမလဲမေးသဖြင့် အိမ်မှာ သေတ္တာထားမည့်နေရာအကျယ် လက်နှင့်တိုင်း၍ လက်ကိုမြှောက်ရင်း ပြန်လာရာ ယခုကဲ့သို့ ချော်လဲရခြင်းဖြစ်သည်။ အိမ်ကတိုင်းလာသော အတိုင်းအတာ ခြေပျက်သွားမည် စိုးသောကြောင့် လက်ကို အခြေမပျက် ဆန့်ထားရပါသည်ဟု ပြန်ပြောသည်။ ထိုသူလည်း လူမိုက်ဖြစ်သည်ဟု အမည် နေရပ် မှတ်ယူလိုက်သည်။

၎၊ ၅၊ ၆။ နောက် ဆက်ရှာပြန်ရာ လူနှစ်ယောက် ရိုက်မောင်းပုတ်မောင်း ရန်ဖြစ်နေသည်ကို တွေ့ရသည်။ အကြောင်းကို မေးရာ ကျွန်တော့်ကျွဲမကို သူ့ကျားက ကိုက်သည်ဟု ပြောသည်။ `ဘယ့်နှယ်တုံး ... ကျွဲလဲမမြင်၊ ကျားလဲ မမြင်ပါလား´ဟု အမတ်ကြီးက မေးသောအခါ `ကျွန်တော်တို့ ကြံတိုင်းအောင်လို့ ဆောင်တိုင် မြောက်ကြရင် ဘယ်ဆုတောင်းမလဲ စိတ်ကူး ကြတော့ ကျွန်တော်က နို့စားချင်တာနဲ့ ကျွဲမတစ်ကောင်ရဖို့ ဆုတောင်းတယ်။ ဒီတော့ သူက မင်း ကျွဲရလို့ရှိရင် မင်းကျွဲကို အမြဲလိုက်ကိုက်နေမယ့် ကျားတစ်ကောင်ရအောင် ငါ ဆုတောင်းမယ်၊ ငါ့ကျားက မင်းကျွဲကို အမြဲကိုက်မှာပဲလို့ပြောတာနဲ့ ကျွန်တော်တို့နှစ်ယောက် ခုလို စကားများနေကြတာပဲ´ဟု ပြန်ပြောသည်။ `ဟုတ်သလား´ မေးရာ `ဟုတ်ပါသည်´ဟု အခြားတစ်ယောက်က ပြောသည်။

ထိုလူနှစ်ယောက်နှင့် ပြောနေစဉ် လူတစ်ယောက် ရောက်လာ၍ အကျိုးအကြောင်းကို မေးသောအခါ အမတ်ကြီးက ထိုသူ နှစ်ယောက် အင်မတန်မိုက်ကြောင်း ပြန်ပြောသည်။ ထိုအခါ နောက်ရောက်လာသူက `ဒီလူနှစ်ယောက်ကို လူမိုက်လို့ပြောတဲ့ ခင်ဗျားလဲ လူမိုက်တစ်ယောက်ပဲ´ပြော၍ သူ့မှာပါသော ထောပတ်အိုးကို မြေပေါ်ပစ်ခွဲလိုက်သည်။ ထိုနောက် ကျိန်စာ ဆိုလေသည်။ `လူတွေဟာ အကုန်လူမိုက်တွေပဲ၊ ဒီလူတွေမှ လူမိုက်မဟုတ်ဘူးဆိုရင် ငါ့အရိုးတွေ ထောပတ်အိုးကွဲသလို ကွဲပြီး ငါ့အသွေးတွေလဲ ထောပတ်စီးသလို စီးသွားပါစေသား´ ဤသို့ ကျိန်စာဆိုလိုက်သည်။ ထိုသူသုံးယောက်၏ အမည် နေရပ်များကို မှတ်ယူလိုက်သည်။

၇။ နောက်တစ်ရက် ဆက်ရှာပြန်ရာ လူတစ်ယောက် လမ်းမီးတိုင်အောက်မှာ တစ်စုံတစ်ရာ ရှာနေသည်ကို တွေ့ရသည်။
ဝိုင်းရှာပေး၍ နောက်ဆုံး မတွေ့ရတော့မှ အကျိုးအကြောင်း မေးကြည့်ရာ လက်ခါလိုက်သဖြင့် မှောင်ထဲဘက် လက်စွပ် ကျွတ်ထွက်သွားကြောင်း ပြောသည်။ `အနို့ … ဒါဖြင့်ရင် မှောင်ထဲကျတာ မှောင်ထဲရှာမှပေါ့´ ပြောသောအခါ `မှောင်ထဲကျ ပေမယ့်လဲ မှောင်ထဲကြည့်လို့မမြင်တာနဲ့ လင်းတဲ့နေရာ ထွက်ရှာနေတာပဲ´ဟု ပြောသည်။ ထိုသူ့ အမည် နေရပ်ကိုလည်း မှတ်ယူလိုက်သည်။

၈။ နောက် ဆက်ရှာပြန်ရာ လူတစ်ယောက် သဲပုံထဲမှာ လက်စွပ်ပျောက်၍ ရှာနေသည်ကို တွေ့ရသည်။ `ပျောက်တဲ့နေရာ မမှတ်လိုက်ဘူးလား´မေးရာ `အဖိုးတန်ပစ္စည်းပဲဟာ မမှတ်လိုက်ဘဲ နေပါ့မလား၊ ကျွန်တော့်လက်စွပ်ကျတုန်းက ကျတဲ့ နေရာနဲ့ တည့်တည့်အထက်မှာ မိုးသားကွက်ကွက် တစ်ခုရှိတယ်၊ ခုတော့ အဲဒီမိုးသားလည်း နေရာရွှေ့သွားပြီမို့ မိုးသားရွှေ့ တဲ့နောက် ပါသွားသလား မပြောတတ်ပါဘူး´ဟု ဆိုသည်။ အမည် နေရပ် မှတ်လိုက်သည်။

၉၊ ၁၀။ ထိုလူမိုက်ရှစ်ယောက်ကိုတွေ့ရပြီးနောက် အမတ်ကြီးနန်းတော်သို့ ပြန်လာသည်။ မင်းကြီးက `လူမိုက် ဆယ်ယောက် တွေ့ခဲ့ပြီလား´ဟု မေးရာ `တွေ့ခဲ့ကြောင်း´လျှောက်သည်။ အမည် နေရပ်နှင့်တကွ မှတ်ခဲ့၍ မင်းစေများအား အခေါ်လွှတ်ရန် လျှောက်သည်။ မင်းစေများ ပြန်လာသောအခါ လူမိုက်ရှစ်ယောက် ပါလာသည်။ မင်းကြီးက `ဆယ်ယောက်မစေ့ပါကလား´ အမတ်ကြီးအားမေးရာ `မှန်ပါ့ ဘုန်းတော်ကြောင့် ဆယ်ယောက်ပြည့်ကြောင်းပါ။ ကျန်သောနှစ်ယောက်မှာ မင်းကြီးနှင့် ကျွန်တော်မျိုးဖြစ်ပါကြောင်း´ လျှောက်ထားသည်။ `အခြား တိုင်းရေးပြည်ရေး လုပ်ခင်းဆောင်တာ များစွာရှိပါလျက် လူမိုက်အရှာခိုင်း၊ ကျွန်တော်မျိုးပါ လူမိုက်များဖြစ်ပါကြောင်း´ လျှောက်ထားလေသည်။

မိုက်မှန်းသိ ပညာရှိ ဖြစ်နိုင်သတည်း

(ဆန်းထွန်း၏ ရှေ့သို့ဆောင်းပါးပေါင်းချုပ် စာအုပ်မှ မူရင်းသတ်ပုံအတိုင်း ကောက်နုတ်တင်ပြပါသည်)။



မူလစာမျက်နှာသို့...

0 comments:

Post a Comment

 
◄Design by Pocket