Thursday, April 30, 2009

ဒွိဟအတွေး

Thursday, April 30, 2009 0
ယုံကြည်ချင်တယ်
မင်း တကယ်ချစ်တာပါလို့
မယုံရဲဘူး
အသဲ ခွဲသွားမှာစိုးလို့ပါ။

နားထောင်ချင်တယ်
မင်း ပြောသမျှကို
မကြား ရဲဘူး
ငိုသံ တွေပါမှာစိုးလို့ပါ။

သိစေချင်တယ်
ကို ဘယ်လောက် ချစ်တယ်ဆိုတာကို
မပြောရဲဘူး
သံသယတွေ ပါမှာစိုးလို့ပါ။

ဖွင့်ချလိုက်ချင်တယ်
ရင်ထဲကခံစားချက်တွေကို
မြိုသိပ်ထားလိုက်တယ်
မင်းစိတ်ညစ်မှာစိုးလို့ပါ။

လက်တွဲချင်တယ်
စိတ်ကူးယဉ်ကမ္ဘာလေးဆီကို
မခေါ်ရက်ဘူး
မင်း မပျော်မှာစိုးလို့ပါ။



Friday, April 24, 2009

လမ်းခွဲ

Friday, April 24, 2009 0

ဆုပ်ကိုင်ထားတဲ့

အရာတွေအားလုံး

လွှတ်ချလိုက်တယ်

ဘာတစ်ခုမှ

မကျန်တော့တာသေချာနေလို့ပါ။

စွဲလမ်းစိတ်ကြောင့်

အသည်းတစ်ခြမ်းလည်း

ဲကျွမ်းခဲ့ရပြီ

ဇာတ်လမ်းဆုံးမှ

ဒဏ်ရာဆိုတာမြင်မိတာပါ။

အချစ်ဆိုတဲ့

စကားလုံးတော့

မသုံးဖို့တောင်းပန်ပါတယ်

ထပ်ကွဲစရာ

အသဲ မရှိတော့လို့ပါ။ ။

အမှား

အသိ နဲ့

သတိ

လွတ်ကင်းသွားပြီးတဲ့နောက်

မာန နဲ့

အတ္တ

ဆက်တိုက် မွေးဖွားလာတယ်

ဒေါသတွေ

ထိန်းမရတဲ့အဆုံးတော့

ရင်ဘတ်နာပြီးကျန်ခဲ့တာပေါ့

ထပ်လုပ်ပါအုံး

ရင်နာရုံလေးရှိသေးတယ်

ရင်ကွဲမှ ပျော်မယ်ဆိုရင်…

ဒီတစ်ခါတော့

အသိနဲ့

သတိကပါ

သိသိနဲ့ အခွဲခံမှာပါ။     ။

Wednesday, April 22, 2009

ပြောင်းပြန်စီးတဲ့မြစ်

Wednesday, April 22, 2009 0
မေ့နိုင်အောင် ကြိုးစာရင်း
ဖြေသိမ့်နေပေမဲ့
ပိုလို့တောင် သတိရနေသးတယ်။

မုန်းနိုင်အောင် ကြိုးစားရင်း
နာကျည်းချင်ပေမဲ့
ပိုလို့တောင် ချစ်မိလာသေးတယ်။

ဝေးနိုင်အောင် ကြိုးစားရင်း
ထွက်ပြေးချင်ပေမဲ့
ပိုလို့တောင် နီးနေချင်တယ်။

မတွေ့နိုင်အောင် ကြိုးစားရင်း
ရှောင်ပုန်းချင်ပေမဲ့
သူ့ရှေ့ကိုရောက်ရောက်နေခဲ့တယ်။

ချစ်ချင်တော့ မုန်း
ထွက်ပြေးတော့ လိုက်
နီးလိုတော့ ဝေး
ရှောင်ပုန်းတော့ ရှာ။

သံလိုက်တွေလို
ဆန့်ကျင်ဖက်ဆွဲ
ဗြောင်းပြန်စီးတဲ့
သမုဒ္ဒရ မြစ်ပါလား။

Tuesday, April 21, 2009

အိမ်ထောင်ဖက်

Tuesday, April 21, 2009 0
မိန်းကလေး.....
အချစ် ဆိုသည့်
ထိုနှောင်ကြိုးကြောင့်
အဘယ်မျှပင် ချစ်စေကာမူ
သံယောဇဉ်ထား ဘယ်လိုများလည်း
ကြင်ဖော် နှောင်ဖက် ဖြစ်ရန်မူကား
တစ်ဦးကိုတစ်ဦး ယုံကြည်မှုတို့
ရှိရန်လို၏။

ထိုသို့မဟုတ်
ယုံကြည်မှုပျောက်
အိမ်ထောင်ဆောက်က
သံသယမကင်း
အိမ်ထောင်ခြင်းကား
ဆင်းရဲအပေါင်း ၀န်းရံခ၍
မရွှင်မကြည် ရန်ဘေးသီ၏
အမြင်မကြည် အတူနေ၍
အိမ်ထောင်ဖက်ထား
ပေါင်းဖက် ခြင်းကား
လောင်မီးစတို့ ဆထက်ပွားကာ
ကွေကွင်း နောက်ဆုံး ဖြစ်လေ၏
ဒုက္ခနောက်ဆုံး ရှိချေ၏ ။ ။

Monday, April 20, 2009

တိမ်ကြားက လ

Monday, April 20, 2009 0
အာကာတစ်ခွင်
တိမ်တောင်တွေဖုံး
မည်းမှောင်နေတဲ့
ကောင်းကင်အောက်
အလင်းရောင်ပျောက်လို့
စမ်းတ၀ါးဝါး
ခရီးသွား။

ဘယ်ဆီကိုသွားရမယ်မှန်း
တွေးဆလို့မျှော်
ရှေ့ နောက်ရယ်
တွက် ခက်ချိန်မှာ
တစ်ချက်ကလေးရယ်ပ
သူလင်းကာ အရောင်ပြတယ်
တိမ်ကြားက လ။



Sunday, April 19, 2009

ဂတိ

Sunday, April 19, 2009 0
ခံစားချက်ချင်းကတော့
တူညီမယ်ထင်ပါရဲ့
ကိုခံစားနေရသလို
သူလဲခံစားနေရမယ်ထင်ရဲ့။

လွမ်းနေရတယ် လို့
အသံကုန်အောင် အော်ချင်ပေမဲ့
သူကတော့
့ကြားနိုင်မယ်မထင်။

ဝေးနေရတယ်ဆိုပေမဲ့
မင်းရဲ့ အသံ
မင်းရဲ့ ဟန်တွေ
ကို့ရဲ့ ပတ်ဝန်းကျင်မှာ
ထာဝရရှိနေမှာပါ။

အမှန်တရားတွေ အတွက်
မင်းနဲ့ကို့ရဲ့
သိက္ခာတရားတွေ အတွက်
ကို့ရဲ့ လက်ကိုဆွဲလို့
ပတ်ဝန်းကျင်ဆိုတာကို
ကိုနဲ့အတူရင်ဆိုင်လိုက်ပါ ။ ချစ်သူ...........

မင်းအတွက်
အကောင်းဆုံးတွေကို ဆောင်ကျည်းပြီး
အရာရာကို ပေးဆပ်ဖို့
အသင့်ပြင်ဆင်
စောင့်ဆိုင်းနေပါ့မယ်။

ယုံကြည်မှု့အပြည့်နဲ့
စိတ်ချလက်ချလှမ်းခဲ့ပါ
ချစ်သူ.... ရေ.....
တံခါးအားလုံး
မင်းအတွက်
ထာဝရ ဖွင့်လို့ထားတယ်။ ။

ဆေးတစ်ခွက်


တွေးလိုက်တိုင်း မင်းအကြောင်း
မြင်မြင်သမျှ မင်းရုပ်ပုံလွှာ
လှုပ်ရှားမှုတွေအားလုံး
ကို့ရဲ့စိတ်တွေမဟုတ်တာ သေချာနေလေရဲ့။

ရင်အစုံ နာကျင်လွန်းလို့
ဘယ်နေရာတွေ နာကျင်နေမှန်းမသိ
ဆေးဝါးလည်းမရှိတော့
ခံစားနေရရုံပေါ့။

မောင်းထုတ်ဖို့လဲ မစဉ်းစား
မေ့ပစ်ဖို့လည်း မတတ်နိုင်
ကုစားစရာ ဒဏ်ရာမဟုတ်တော့
ရင်တွေကွဲအောင်ခံရပြီပေါ့။

ချစ်သူ.....
မင်းသာ... ဖြစ်နိုင်မယ်ဆိုရင်
အမြန်လာရောက်
ကုစားပေးလှည့်ပါ။ ။

Saturday, April 18, 2009

သံသယကင်းမှပြန်လာပါ

Saturday, April 18, 2009 0
ငါလေ.....
ယုံကြည်မှုတွေအပြည့်နဲ့
ငါ့ရဲ့လက်ကိုတွဲလို့
မင်း ပျော်နေတာကိုလိုချင်တာပါ။

ငါလေ.....
အေးချမ်းမှုတွေနဲ့
အပူအပင်တွေကင်းလို့
မင်းပြုံးနေတာကိုလိုချင်တာပါ။

ငါလေ.....
သူများတွေလိုပဲ
မင်းနဲ့အတူတွဲလို့
စိုပြေတဲ့မိသားစုလေးကိုမျှော်လင့်ခဲ့တာပါ။

ငါလေ.....
အရာရာကိုလဲ
မင်းကိုသိပ်ချစ်လွန်းလို့
အရှုံးပေးလိုက်တာပါ။

ငါလေ.....
ဆူးဖိနပ်တွေနဲ့ မင်းနင်းခြေဖို့
ငါ့အသည်းနှလုံးကို
ထုတ်ပေးခဲ့တာပါ။

ဒါပေမဲ့
ချစ်သူ.....
သံသယ ရှိရင်
ပြန်လှည့်မလာပါနဲ့။ ။

လေဒဏ်ခံရတဲ့လှေကလေး

ချစ်သူ....
မင်းနဲ့ကိုရဲ့လှေငယ်လေး
ပင်လယ်ပြင်ကို အတူဖြတ်ဖို့
ဆုံးဖြတ်ခဲ့ကြတယ်နော်.....

ပင်လယ်ပြင်အစ
ကမ်းစပ်တစ်နေရာက
လေစိမ်းတွေရဲ့ ဒဏ်ကို
ကြောက်ရွံ့သွားတာလား
ကိုတို့ရဲ့ လှေကလေး
ခိုင်ခံ့မှု့ကို မယုံကြည်လို့လား
ပင်လယ်ပြင်ကို ရင်မဆိုင်ရဲတော့တာလား
လားပေါင်းများစွာသော မေးခွန်းတွေနဲ့
လှေကလေးပေါ်မှာ ကိုတစ်ယောက်တည်း။

ယုံကြည်တယ်ဆိုလိုက်ခဲ့ပါ
အားအင်အပြည့်နဲ့ကျော်ဖြတ်ဖို့
ကို စောင့်နေတုန်းပါပဲ
မင်းနဲ့အတူရွက်လွှင့်ဖို့
ကို့ထံကို မင်းပြန်ရောက်မှ
ကမ်းစပ်က ခွာတော့မယ်။

ရင်နာတာ
မှောက်အိပ်လို့ မဟုတ်ပါဘူး ချစ်သူ..... ။ ။

 
◄Design by Pocket